မင်္ဂလာပါခင်ဗျာ။ မန္တလေးတိုင်းထဲက သတင်းအချို့ကို ကောက်နုတ်ဖော်ပြပေးပါမယ်။
၁။ မြင်းခြံမြို့နယ် ပျားရွာကို စစ်အုပ်စုက လက်နက်အားကိုးနဲ့ လုယက် ဓားပြတိုက် သောင်းကျန်းကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ဒေသခံ ပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်လိုက်ပါတယ်။ ပျားရွာက သားသမီး လေးဦးရဲ့ ဖခင် ကိုဇော်မျိုးနိုင် ကို ဒီနေ့ နိုဝင်ဘာ(၉)ရက် မနက် အစောပိုင်းမှာ စစ်အုပ်စုက သတ်ဖြတ်လိုက်တာပါ။ စစ်အုပ်စုဟာ အာဏာသိမ်းပြီးကတည်းက မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန် စတဲ့ မြင်းခြံနယ်က ကျေးရွာအုပ်စုတွေ အားလုံးနီးပါးမှာ အထိုင်ချ တပ်စွဲထားပြီး လူသတ်၊ လုယက်၊ လက်နက်ပြမိုက်ကြေးခွဲ ဆက်ကြေးကောက်ရုံနဲ့ အားမရတော့ဘဲ ရွာမီးရှို့တာတွေပါ စတင်လုပ်ဆောင်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။
၂။ မတ္တရာမြို့နယ် ကျေးရွာတွေထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ မီးရှို့နေတဲ့ စစ်အုပ်စုကို ယမန်နေ့က ဒရုန်းနဲ့ ဗုံးထု တိုက်ခိုက်ခဲ့ရာ စကစ သုံးယောက် သေတယ်လို့ မတ္တရာ A.B.R.F တပ်ဖွဲ့ က သတင်း ထုတ်ပြန်ပါတယ်။
၃။ မန္တလေး မြေပြင်သပိတ်တွေမှာ ပါဝင်လေ့ရှိတဲ့ သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်ဆရာတော် ဦးကလျာဏ (ခ) ဦးယောကြီး၊ မန္တလေး သပိတ်အင်အားစုက သပိတ်တက်ကြွလှုပ်ရှားသူ တက္ကသိုလ်ကျောင်းသား လူငယ်တွေဖြစ်ကြတဲ့ ကိုပိုင်နွေဦး၊ ကိုဥက် (ခ) ကိုကောင်းခန့်ဇော်၊ ကိုနေရဲ၊ ကိုဟိန်းမောင်တို့ကို စစ်အုပ်စုက အောက်တိုဘာ (၃၀)ရက်မှာ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးသွားပြီးနောက် သတင်းအမှောင်ချထားပြီး (၁၀)ရက်ကြာအထိ မိသားစုတွေ အဆက်အသွယ် မရသေးဘဲ ဖြစ်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ဆရာတော် ဦးကလျာဏ(ခ) ဦးယောကြီးကိုတော့ စစ်အုပ်စုက ရိုက်နှက်နှိပ်စက်တဲ့အပြင် သံခြေချင်းပါ ခတ်ပြီး မန္တလေးမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းအချို့ကို လိုက်လံပြသစေခဲ့တာမျိုး ရှိတယ်လို့လည်း ဆိုပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #MFPDailyNews #မန္တလေးသတင်းများ
Ещё видео!